ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ကိုယ့်မှာ ရှိတဲ့ အကောင်းဆုံး အရည်အချင်းနဲ့ စိတ်ဓါတ်ကို ပြသ နိုင်ရမယ်..။

ဆရာတော်ဦးဇောတိက

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

ရေဘေးအလှူခရီးစဉ် - ၂၉-၈-၂၀၁၅ (စနေနေ့)

 

မင်းလှမြို့နယ်၊ ဒီလှိုင်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ ( အိမ်ထောင်စု ၃၀၄ စု - လူဦးရေ ၁၆၀၀ ခန့်) နှင့်

ရွှေလောင်းကျေးရွာအုပ်စု ပန်းတောကျေးရွာ (အိမ်ထောင်စု ၂၅၇ စု - လူဦးရေ ၁၂၀၀ ကျော်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

ရေဘေးအလှူအတွက် တိုင်ဝမ်နိုင်ငံက ညီမလေးနဲ့ အလှူရှင်တွေက သိန်း ၆၀ ကျော် ငွေတွေပို့လိုက်တော့ အရင်ဦးဆုံး ဘယ်ကို သွားလှူရမလဲ လို့ နေရာကို အရင်ရွေးရပါတယ်..။ စီစဉ်ပေးနိုင်မယ့်သူ လည်းရှိ၊ အချက်အလက်တွေ နဲ့ လိုအပ်ချက်တွေ ကို တိတိကျကျ ရနိုင်မယ့်နေရာ လည်း ဖြစ်ရင် အလှူက ပိုထိရောက်မှာမို့ အချိန်လေး စောင့်ရပါတယ်..။

အချိန်စောင့်နေရင်းမှာဘဲ ရေဘေးအလှူသွားမယ် ဆိုတာ သိကြတဲ့ မိတ်ဆွေတွေက အလှူတွေ ပို့ပေးကြပြန်ပါတယ်..။ စုစုပေါင်း ၇၁ သိန်း နဲ့ နှစ်ထောင်အဖွဲ့ရဲ့ ပရတိတ အလှူ ၁ သိန်းထညိ့လိုက်တော့ အားလုံးပေါင်း ၇၂ သိန်း ရရှိခဲ့ပါတယ်..။

 

 

ကျောက်ကွင်းဆရာတော်က လှူမယ့်ပစ္စည်းတွေ ၀ယ်တာရော ထုပ်ပိုးတာရော ကားနဲ့သယ်တာရော အကုန် စီစဉ်ပေးပြီး၊ မင်းလှမြို့၊ မြို့ဦးကျောင်း (မဘသ) ဆရာတော် က အချက်အလက် ရရှိရေး နဲ့ ခရီးစဉ် (မင်းလှမြို့ ကနေ ရွာအထိ) စီစဉ်ပေးတာမို့ အရမ်းအဆင်ပြေသွားပါတယ်..။

 

ကျမတို့ အဖွဲ့ (ကျမရယ်၊ သားလေး ဇော်ဝင်းနိုင်ရယ်၊ သားငယ်လေး ဂွန်ဂွန်းရယ်၊ စိုင်းစိုင်းရယ်) က ရန်ကုန်ကနေ မင်းလှ ကို မနက် ၆ နာရီ စ ထွက်ပါတယ်..။ ကျောက်ကွင်းဆရာတော်နဲ့ အဖွဲ့ (ဆရာတော်နဲ့ ပြည် ပရဟိတကျောင်းက ကိုရင်၊ ကျောင်းသားတွေ နဲ့ဆရာမလေးတွေ ) ကလည်း ပြည်ကနေ မင်းလှကို မနက် ၆ နာရီ စ ထွက် ပါတယ်..။ မင်းလှမြို့၊ မြို့ဦးကျောင်းကို ဆုံရပ်အဖြစ် သတ်မှတ်ထားပါတယ်..။ မနက် ၁၀ နာရီမှာ ဆုံကြမယ် မှန်းထားတဲ့ အတိုင်း ရှေ့ဆင့် နောက်ဆင့် ရောက်ကြပါတယ်..။ အဲ့ဒီကနေ မင်းလှမြို့၊ မြို့ဦးကျောင်း (မဘသ) ဆရာတော် နဲ့ အဖွဲ့က ပူးပေါင်းပြီး မင်းလှ-မိုးညိုလမ်း အတိုင်း ထန်းပင်ကုန်းလှေဆိပ်ကို ဆက်သွားကြတာ မနက် ၁၁ နာရီမှာ ရောက်ပါတယ်..။ လမ်းမှာတော့ အလှူရှင် တစ်ဖွဲ့သာ တွေ့ရပါတယ်..။ အလှူရှင်တွေ အရမ်းကျဲသွားပြီ.. လို့ပြောကြပါတယ်..။

ထန်းပင်ကုန်းမှာ လှေပေါ်ကို ပစ္စည်းတွေတင်ကြ၊ ပြီး လှေ ၄ စီး နဲ့ မိုးရေ၊ တက်ရေတွေနဲ့ဖွေးနေတဲ့ မြစ်ကြောင်း အတိုင်း မောင်းလာပါတယ်..။ အဲ့ဒါဘာမြစ်လဲ၊ ဘာချောင်းလဲ မေးကြည့်တော့၊ ဧရာဝတီကလာတဲ့ မြစ်လက်တက်ရယ်၊ လှိုင်မြစ်ဖြစ်မဲ့ မြစ်ရယ်၊ တောင်ကျချောင်းရယ် ၃ ခုဆုံတဲ့မြစ်လို့ပြောပါတယ်..။ သရက်တောရွာ ကို  ၁၂ နာရီ ထိုးခါနီးမှရောက်လို့ ဆရာတော်တွေ နဲ့ ကိုရင်တွေကို ကမန်းကတန်း ဆွမ်းကပ်ကြပါတယ်..။ ကျမတို့လည်း ထမင်း အမြန်စားကြပါတယ်..။ မင်းလှမြို့ရဲ့ သာသနာ့ ၀ံသာနု ရက္ခိတ အဖွဲ့က  Voluntter တွေရယ် ၊ ရွာခံတွေရယ်၊ ကျမတို့အဖွဲ့တွေရယ် နဲ့ ပစ္စည်းတွေကို စနစ်တကျ နေရာချပြီး ၊ အဆင်သင့်ဖြစ်တော့ နေ့လယ် ၁ နာရီမှာ အိမ်ထောင်စု စာရင်းအတိုင်း အမည်ခေါ်ပြီး လှူဒါန်းမှု စ  ပါတယ်..။ ပန်းတောရွာသားတွေ ကလည်း သရက်တောရွာကို လာပြီး၊ အလှူပစ္စည်းတွေ လက်ခံယူပါတယ်..။

သူတို့က ဝေရမယ့် အိမ်ထောင်စုတွေ များလို့ မပြီးနိုင်ဘူး.. လို့ပြောပေမဲ့ ကျမက ကျမပြောသလို သာလုပ်ပါ..။ ကျမတို့ နာဂစ် အလှူကို မေလ ကနေ အောက်တိုဘာလထိ အပတ်စဉ် စနေနေ့တိုင်းသွားခဲ့တာ ဒီနည်းစံနစ်နဲ့ဘဲ အလုပ်လုပ်တာ အိမ်ထောင်စု ၇၀၀၊ ၈၀၀ လည်း ခဏလေးနဲ့ပြီးပါတယ်.. လို့ပြောပြရပါတယ်..။ နေ့လယ် ၁ နာရီမှာ စပြီး တစ်အိမ်ထောင်ပြီး တစ်အိမ်ထောင် အစဉ်လိုက် အမည်ခေါ်ပြီး ဝေပေးလိုက်တာ နေ့လယ် ၂ နာရီကျော်မှာ ပြီးပါတယ်..။ ရွာသူ ရွာသားတွေ က လည်း အရမ်းသဘောကျကြပါတယ်..။ ဒီအလှူက စံနစ်ကျပြီး မြန်ဆန်လွန်းလို့၊ ပြီးတော့ ရတဲ့ ပစ္စည်းတွေ ကလဲ လိုအပ်ချက်နဲ့ အဆင်ပြေလို့၊ ပြီးတော့ တစ်ခါတည်းနဲ့ လက်ထဲအရောက် ဝေပေးခဲ့လို့ အရမ်း စိတ်ချမ်းသာပါတယ်လို့ ပြောကြပါတယ်..။

အိမ်ထောင် ၁ စု ရရှိတဲ့ အလှူပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..။

ဆန် ၈ ပြည်

ဆီ ၅၀ ကျပ်သား ၁ ပုလင်း

လက်ဖက်ခြောက် တစ်ထုပ်

မွှေးဆပ်ပြာ ၁ ခဲ

ဆပ်ပြာမှုန့် ၁ ထုပ်

ဆား ၁ ထုပ်

ဖယောင်းတိုင် ၁ ထုပ်

ကြက်သွန် ၅၀ ကျပ်သား ၁ ထုပ်

ရေဘေးသင့်ဒေသ က သံဃာတော်တွေအတွက်လည်း သင်္ကန်း ၁ စုံစီနဲ့ ၀တ္တုငွေ ၂ သောင်းကျပ် စီ လှူခဲ့ပါသေးတယ်..။

သရက်တောရွာရော၊ ပန်းတောရွာပါ ရေတက်တော့ အနိမ့်ပိုင်းတွေက ၁၀ ပေလောက်တက်ကြပါတယ်..။ ၂ ထပ် အိမ် သမားတွေတော့ အပေါ်ထပ်မှာ နေကြပြီး၊ တစ်ထပ်မြေစိုက်တဲတွေကတော့ လုံးဝ မြှုတ်သွားတာမို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ နီးစပ်ရာ ၂ ထပ်အိမ်တွေမှာ သွားပေါင်းနေရပါတယ်.. တဲ့ ..။ အမြင်ပိုင်းတွေမှာတော့ ၅ ပေလောက် ရေတက်ပါတယ်.. တဲ့ ..။ ရေတွေတက်လာတော့ သောက်စရာ ရေတောင်မရှိလို့ ရေသန့်ဗူးတွေ လာလှူကြတာ အရမ်းဝမ်းသာတဲ့ အကြောင်း၊ ရေတွေ ပတ်လည်ဝိုင်းနေပေမဲ့ ရေတွေက ညစ်ပတ်လို့ ရေလည်း ချိုးစရာမရှိတဲ့အကြောင်း၊ မိုးရွာတဲ့အခါ မိုးရေလေးခံပြီး ရေလေး တစ်ခွက် နှစ်ခွက်နဲ့ ရေပတ် တိုက်ရတဲ့ အကြောင်း ပြောပြကြပါတယ်..။ ကျမလည်း ရွာဘက် ခဏသွားကြည့်တာ ရွံ့တွေ ပေလူးလာလို့ ရွံ့စေးတွေမို့ ကျောင်းပေါ်ပြန်မတက်ခင် ရေ ပြန်ဆေးရပါတယ်..။

 

ရွာက စာသင်ကျောင်းကတော့ တွဲဘက် အလယ်တန်းကျောင်းပါ..။ သစ်သားဆောင် ၁ ဆောင် နဲ့ အုတ်တိုက် ၂ ထပ်ဆောင် ရှိပါတယ်..။ ရေတက်တော့ အပေါ်ထပ်က ကယ်ဆယ်ရေးစခန်း ဖြစ်သွားခဲ့ပါတယ်.. တဲ့ ..။ နိုင်ငံတော်က ရေနစ်ဒေသက စာသင်ကျောင်းတွေကို လိုအပ်ရင် ပြန်ဆောက်ပေးမယ်လို့ပြောပါတယ်.. တဲ့..။ ပြီးတော့ စာရေးကိရိယာတွေ လိုသလား မေးတော့ နိုင်ငံတော်က လှူလိုက်တာမို့ ပြည့်စုံပါတယ်..။ မလိုအပ်ပါဘူး..တဲ့ ..။

စာသင်ကျောင်းဆောင် ပြုပြင်ဖို့ မလိုအပ်ပေမဲ့ စာရေးစားပွဲ နဲ့ စာသင်ခုံတွေ တော့ လိုအပ်လို့ ကူညီပါအုံးလို့ အလှူခံလိုက် ပါတယ်..။

 

လယ်တွေကတော့ အားလုံး ရေအောက်ရောက်သွားပါတယ်..။ ရေကျသွားတော့ စပါးပင်တွေက နုံးတွေ အောက် ရောက်သွားတော့ တစ်နှစ်စာ ဆုံးရှုံးသွားပါတယ်..။ နောက်လကျရင်တော့ ပဲပြန်စိုက်ကြမယ်.. ပြောပါတယ်..။

 

အလှူပစ္စည်းတွေ ဝေငှပြီးတော့ အလှူအတွက် ရေစက်ချ အမျှဝေကြပါတယ်..။ ပြီးတော့ နေ့လယ် ၃ နာရီမှာ သရက်တော ကနေ ထန်းပင်ကုန်းကို စက်လှေနဲ့ပြန်အလာ၊ လှေ စက်ပျက်လို့ လမ်းမှာ ပြင်ရပါသေးတယ်..။ လှေကလည်း လမ်းတစ်လျှောက် လုံး ဘယ်၊ ညာ ယိမ်းထိုးပြီး၊ အရမ်းလူးတာမို့ မှောက်မလားတောင် ထင်ရပါတယ်..။ သားလေး ဇော်ဝင်းနိုင်ကတော့ အသွားရော အပြန်ပါ လှေ ၀မ်း ထဲက ရေခပ်ထုတ်တဲ့ အလုပ်ကို တာဝန်ယူပေးပါတယ်..။

 

ထန်းပင်ကုန်း ကို ၄ နာရီလောက်မှာ ပြန်ရောက်ပါတယ်..။ ထန်းပင်ကုန်းကနေ မင်းလှမြို့ဦးကျောင်း ကို ရောက်တော့ ၄နာရီခွဲ ပါ..။ မြို့ဦးကျောင်းဆရာတော်က အအေး (ဒိန်ချဉ် နဲ့ ရွှေရင်အေး) တိုက်လို့ အမောပြေ စားသုံးကြပါတယ်..။ မြို့ဦးကျောင်းက ပရဟိတကျောင်းပါ..။ အဆောက်အဦး မလုံလောက်လို့ အသစ် ဆောက်ဖို့ အုတ်မြစ်ချထားပြီး အနှစ် ၂၀ ကြာတာတောင်မှ အခုထိ မဆောက်နိုင်သေးတဲ့ အုတ်တိုင်တွေ ကိုတောင် ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်..။ ကျောင်းဆောင် လှူချင်သူများ ဆက်သွယ်နိုင်ပါတယ်.. ။

 

မင်းလှကနေ ကျောက်ကွင်းဆရာတော်နဲ့အဖွဲ့က ပြည်ကို၊ ကျမတို့က ရန်ကုန်ကို၊ အသီးသီး ထွက်ခဲ့ကြတာ… ၊ ကျမတို့က ရွှေပြည်သာ ၊ မြိုင်သီလရှင်သင် ပညာရေးကျောင်းက ဆရာကြီး ဒေါ်သုနန္ဒာ တို့ ဧရာဝတီတိုင်း ဇလွန်ကို ရေဘေးအလှူ သွားမှာမို့ အလှူ ၅ သိန်း ထည့်တာကို သွားဝင်လှူနေသေးလို့ အိမ်ကို ည ၉ နာရီကျော် မှဘဲ ပြန်ရောက်ပါတယ်..။

အလှူတစ်ခု ပြီးမြောက်တိုင်းမှာ ရရှိတဲ့ ပီတိ လေး နဲ့ အလှူရှင်များ နဲ့တကွ ၃၁ ဘုံ သား များ အားလုံးကို  အမျှလဲဝေ ၊ အေးချမ်းကြပါစေ.. လို့ မေတ္တာ လည်း ပို့ပါတယ်.. ။

 

ဓါတ်ပုံတွေကတော့ ဒီ Link မှာပါ ..

https://www.facebook.com/media/set/?set=a.10204902748985014.1073742047.1128815099&type=3

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာကြပါစေ..။

အားလုံး အမျှ..၊ အမျှ..၊ အမျှ.. ပါ…နော် …။

 

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူဖြစ်ရပါလို၏ …. …။

ရင်မှ မေတ္တာ များစွာဖြင့်…

 

မေအေးဦး

2000 GROUP

2000.donation.group@gmail.com

P.S - ကျမရဲ့  notes များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..  Share   နိုင်ပါသည်.. ရှင်.. ။

GIVE THE WORLD THE BEST YOU HAVE!